အဲကွန်းဖွင့်ပြီး ညအိပ်မယ်ဆိုရင် ဒါတွေကို သိထားပေးပါ
ပူလှ၊ လောင်လှတဲ့ နွေရာသီကိုတောင် ရောက်လာပြန်ပြီနော်။ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတာ နဂိုကတည်းက ပူနွေးစိုစွတ်တဲ့ တိုင်းပြည်ဖြစ်တာဆိုတော့ နွေရာသီလို ကာလဆိုတော့ ချွေးသံတရွှဲရွှဲနဲ့ မျက်နှာအဆီပြန်ရင်း ပူပြင်းတဲ့ နေပူဒဏ်ကို ခံစားရတာကြောင့် ပန်ကာမဟုတ်ရင်တောင် အဲကွန်းဖွင့်ပြီး ညအိပ်မှပဲ လူကသက်သောင့်သက်သာဖြစ်မှာပါ။
အဲကွန်းဟာ ပန်ကာလောက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်စေတာမျိုး သိပ်မများဘူးဆိုပေမဲ့လည်း ကိုယ်က ညလုံးပေါက်အဲကွန်းဖွင့်အိပ်မယ်ဆိုရင်တော့ ခုပြောပြမယ့်အချက်တွေကို သေချာသိထားဖို့တော့ လိုပါတယ်။
၁။ လူတစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်ရှိတဲ့ အအေးဒဏ်၊ အပူချိန်မတူညီတဲ့အတွက် နေ့ဘက်တွေမှာ ပြဿနာမရှိပေမဲ့ ညဘက်တွေမှာ အဲကွန်းဖွင့်အိပ်မယ်ဆိုရင် ကိုယ်ခံနိုင်တဲ့ အအေးချိန်ထက် အနည်းငယ်လျှော့ထားပေးဖို့ အရေးကြီးပါတယ်။
၂။ အဲကွန်းဟာ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ လေထွက်ပေါက်ထဲ အပြင်က ဖုန်မှုန့်၊ သဲမှုန့်တွေနဲ့ အမှုန်အမွှားတွေ ဝင်နိုင်ပါတယ်။ ပန်ကာတွေလိုမျိုး လူအိပ်တဲ့နေရာဆီကို တိုက်ရိုက်လေမှုတ်တာမျိုး မဟုတ်တဲ့အတွက် ဖုန်မှုန့်ကြောင့် ဓာတ်မတည့်ယားယံတာမျိုး သိပ်မဖြစ်စေတဲ့တိုင်အောင် တစ်နှစ်ကို အနည်းဆုံး (၂) ကြိမ် အဲကွန်းကို စနစ်တကျ သန့်ရှင်းရေးလုပ်ဖို့ လိုတယ်ဆိုတာ မမေ့သင့်ပါဘူး။
၃။ ပူလွန်းတဲ့အခါမှာ လူတွေအိပ်ပျော်ဖို့ခက်သလို အေးလွန်းတဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်ခဲတဲ့အပြင် ခန္ဓာကိုယ်တွင်းအပူချိန်က ကျဆင်းသွားတဲ့အတွက် သွေးပေါင်တက်ပြီး နှလုံးခုန်နှုန်းကို မြန်စေကာ ကိုယ့်ရဲ့အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
၄။ ပန်ကာလောက် လေအားမပြင်းတဲ့တိုင်အောင် အဲကွန်းကထွက်တဲ့ လေအရှိန်ဟာ အိပ်ပျော်နေသူရဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေမှာဖြစ်ပါတယ်။ လေထုဖိအားဟာ အိပ်စက်မှုအပေါ် သက်ရောက်မှုရှိစေတာကြောင့် အခန်းက အရမ်းအေးနေလို့လည်း အဆင်မပြေပါဘူး။
၅။ အရွယ်ငယ်သေးတဲ့ ကလေးတွေ၊ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဲကွန်းအအေးဒဏ်ကြောင့် ကျန်းမာရေးတစ်ခုခုဖြစ်မှာကို စိတ်ပူတတ်ကြပေမယ့် အအေးဒဏ်နဲ့ ပတ်သက်လာရင် နို့တိုက်အရွယ်ကလေးတွေနဲ့ လူကြီးတွေရဲ့ သက်ရောက်မှုဟာ သိပ်ပြီးကွာခြားတာမျိုး မရှိပါဘူး။ ဒီအတွက် ကလေးအိပ်နေတဲ့အခန်းမှာ အရမ်းအေးစက်တာမျိုးမဟုတ်ဘူးဆိုရင် အဲကွန်းနဲ့ သိပ်လို့ပြဿနာ မဖြစ်စေနိုင်ပါဘူး။
၆။ ယေဘုယျအားဖြင့် အဲကွန်းဖွင့်အိပ်ခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ဆိုးကျိုးကြီးကြီးမားမား ဖြစ်စေမှာမဟုတ်ပေမဲ့ ကိုယ့်အနေနဲ့ ပူလွန်း၊ အေးလွန်းခြင်းမရှိဘဲ အနေတော်အအေးချိန်နဲ့ပဲ ဖွင့်ထားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
ညဘက်မှာ အဲကွန်းဖွင့်အိပ်မယ်ဆိုရင်တော့…
- လေထွက်ပေါက်ကို ကိုယ့်ဘက်တည့်တည့် မလှည့်ဘဲ အပေါ်ဘက်ကို လှည့်ပေးထားပါ။
- အပူချိန်ကို အအေးဆုံးမှာမထားဘဲ အလယ်အလတ် အေးတဲ့အပူချိန်မှာ ထားထားပေးပါ။
- တတ်နိုင်ရင် အဲကွန်းအအေးချိန်ကို Auto ထားထားပေးပါ။
- ပန်ကာလေလည်တဲ့ Function ကို အားလျှော့ထားပါ၊ ဒါမှမဟုတ် Auto လုပ်ထားပါ။
- တစ်ယောက်တည်းအိပ်တာမဟုတ်ဘူးဆိုရင် အတူအိပ်တဲ့ မိသားစုဝင်ကို ညဘက်တွေ အရမ်းချမ်းတဲ့အခါ အဲကွန်းထပိတ်ပေးဖို့ မှာထားပေးပါ၊ ဒါမှမဟုတ် ကိုယ့်အနေနဲ့ ညသန်းခေါင် အပေါ့ထသွားတဲ့အခါမျိုးမှာ အဲကွန်းပိတ်တာ၊ အအေးလျှော့တာမျိုး လုပ်ပေးပါ။
- တစ်နေ့တာလုံး ရေကို အနည်းဆုံး (၃) လီတာလောက် ရအောင်သောက်ပေးပါ။
- ညမအိပ်ခင်မှာ အရေပြားကို Lotion ထူထူလိမ်းပြီးမှ အိပ်စက်အနားယူပါ။
- အသက်ကြီးပိုင်းအရွယ်တွေအတွက် စောင်၊ အိပ်ရာခင်း ထူထူ သေချာခြုံပေးပါ။
နွေနေပူဒဏ်ကြောင့် ကိုယ့်ကျန်းမာရေးမထိခိုက်စေဖို့ အဲကွန်းဖွင့်ခြင်းက အကျိုးထူးရှိပေမယ့် တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း ကိုယ့်ကျန်းမာရေးကို တန်ပြန်ဒုက္ခမဖြစ်လာစေဖို့ သင့်တော်ရုံလောက် အအေးအတိုင်းသာ ထားဖို့နဲ့ သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့ကိုလည်း အမြဲသတိရနေဖို့ အကြံပေးလိုက်ချင်ပါတယ်။
ရဲမျိုးမြတ်